1. ထိုအခါ ယောသပ်၏သား၊ မနာရှေအဆွေအမျိုး၌ပါလျက်၊ မနာရှေ၊ မာခိရ၊ ဂိလဒ်၊ ဟေဖေရတို့မှဆင်းသက်သော ဇလောဖဒ်၏သမီး မာလာ၊ နောအာ၊ ဟောဂလာ၊ မိလကာ၊ တိရဇာတို့သည်လာ၍၊
2. ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာ၊ မင်းများ၊ ပရိသတ်များအပေါင်းတို့ရှေ့မှာရပ်လျက်၊
3. အကျွန်ုပ်တို့၏အဘသည် တော၌သေပါ၏။ ထာဝရဘုရားတဘက်၌ စုဝေးသော အပေါင်းအသင်း၊ ကောရ၏အပေါင်းအသင်း၌မပါ။ မိမိအပြစ်ကြောင့်သေပါ၏။ သူ၌ သားယောက်ျားမရှိပါ။
4. ထိုသို့ သားယောက်ျားမရှိသောကြောင့်၊ အကျွန်ုပ်တို့အဘ၏ အမည်သည် အကျွန်ုပ်တို့အဆွေအမျိုး၌ ပျောက်ရပါမည်လော။ အကျွန်ုပ်တို့အဘ၏ ညီအစ်ကိုတို့နှင့်အတူ၊ အကျွန်ုပ်တို့အားအမွေပေးပါဟု လျှောက်ကြ၏။
5. သူတို့အမှုကိုမောရှေသည် ထာဝရဘုရားရှေ့တော်၌ ထားလေ၏။
6. ထာဝရဘုရားကလည်း၊ ဇလောဖဒ်သမီးတို့၏စကားသည် လျောက်ပတ်ပေ၏။
7. အကယ်စင်စစ် သူတို့အဘ၏ညီအစ်ကိုတို့နှင့်အတူ အမွေခံရသောအခွင့်ကို သူတို့အားပေးရမည်။ သူတို့အဘ၏အမွေဥစ္စာသည် သူတို့လက်သို့ရောက်စေရမည်။
8. သင်သည် ဣသရေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာ၊ လူသည် သားယောက်ျားမရှိဘဲသေလျှင်၊ သူ၏အမွေဥစ္စာကို သူ၏သမီးလက်သို့ ရောက်စေရမည်။
9. သမီးမရှိလျှင်၊ သူ၏အမွေဥစ္စာကို သူ၏ညီအစ်ကိုတို့အားပေးရမည်။
10. ညီအစ်ကိုမရှိလျှင်၊ အမွေဥစ္စာကို ဘကြီးဘထွေးတို့အား ပေးရမည်။
11. ဘကြီးဘထွေးမရှိလျှင်၊ သူ၏အဆွေအမျိုး၌နီးစပ်ရင်းခြာသော ပေါက်ဘော်အားပေး၍၊ ထိုသူသည်ပိုင်ရမည်။ ဤရွေ့ကား၊ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း၊ ဣသရေလအမျိုးသားတို့၌ စီရင်ထုံးဖွဲ့ချက်ဖြစ်စေဟု မောရှေအားမိန့်တော်မူ၏။
12. တဖန်ထာဝရဘုရားက၊ သင်သည် ဤအာဗရိမ်တောင်ပေါ်သို့တက်လော့။ ဣသရေလအမျိုးသားတို့အား ငါပေးသောပြည်ကိုကြည့်ရှုလော့။
13. သို့ပြီးမှ၊ သင်၏အစ်ကိုအာရုန်သည် မိမိလူမျိုးစည်းဝေးရာသို့သွားသကဲ့သို့၊ သင်သည်လည်းသွားရမည်။