28. ထာဝရဘုရားရှေ့တော်၌သတိလစ်၍ ပြစ်မှားမိသောထိုသူအဘို့ ယဇ်ပုရောဟိတ်သည် အပြစ်ဖြေခြင်းကိုပြုရသဖြင့် ထိုအပြစ်ကိုလွှတ်ရလိမ့်မည်။
29. ဣသရေလအမျိုးသားဖြစ်သောသူ၊ တည်းခိုသော တပါးအမျိုးသားဖြစ်သောသူတို့သည် သတိလစ်၍ပြစ်မှားသောအခါ၊ တပါးတည်းသော တရားကိုစောင့်ရကြမည်။
30. ဣသရေလအမျိုးသားဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်း ရမည်။
31. ထာဝရဘုရား၏စကားတော်ကိုမထီမဲ့မြင်ပြု၍ ပညတ်တော်ကို လွန်ကျူးသောကြောင့်၊ ထိုသူကို ရှင်းရှင်းပယ်ရှားရမည်။ မိမိအပြစ်ကို မိမိခံရမည်ဟု မိန့်တော်မူ၏။
32. ဣသရေလအမျိုးသားတို့သည် တော၌ရှိကြသောအခါ၊ တနေ့သောဥပုသ်နေ့၌ ထင်းခွေသောသူတယောက်ကို တွေ့လေ၏။
33. တွေ့သောသူတို့သည်၊ ထိုသူကို မောရှေ၊ အာရုန်၊ ပရိသတ်အပေါင်းတို့ရှေ့သို့ ခေါ်ခဲ့ကြ၏။
34. သူ၏အမှုကိုစီရင်ရာလမ်းမထင်ရှားသေးသောကြောင့် ချုပ်ထားကြ၏။
35. ထာဝရဘုရားကလည်း၊ ထိုသူသည်အသေသတ်ခြင်းကို အမှန်ခံရမည်။ ပရိသတ်အပေါင်းတို့သည်တပ်ပြင်မှာ သူ့ကိုကျောက်ခဲနှင့်ပစ်ရကြမည်ဟု မောရှေ အားမိန့်တော်မူ၍၊
36. ထိုအမိန့်တော်အတိုင်း ပရိသတ်အပေါင်းတို့သည် ထိုသူကို တပ်ပြင်သို့ ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ကြသဖြင့် သူသည်အသေခံရ၏။