အခန်းကြီး

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

ဓမ္မဟောင်း‌ကျမ်း

ဓမ္မသစ်ကျမ်း

တော​လည် 14 Judson Bible (BJB)

1. ထိုအခါပရိသတ်အပေါင်းတို့သည် အသံကိုလွှင့်၍ မြည်တမ်းသဖြင့်၊ တညဉ့်လုံး ငိုကြွေးကြ၏။

2. ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ မောရှေနှင့် အာရုန်ကို အပြစ်တင်သောစကားနှင့် မြည်တမ်းလျက်၊ ငါတို့သည် အဲဂုတ္တုပြည်၌မသေပါလေ။ ဤတော၌မသေပါလေ။

3. ငါတို့သည်ထားဖြင့်သေ၍ သားမယားတို့သည် ရန်သူလက်သို့ရောက်စေခြင်းငှါ ထာဝရဘုရားသည် အဘယ်ကြောင့်ငါတို့ကို ဤအရပ်သို့ဆောင်ခဲ့တော်မူသနည်း။ အဲဂုတ္တုပြည်သို့ပြန်ကောင်းသည်မဟုတ်လောဟု မောရှေနှင့် အာရုန်အားဆိုပြီးမှ၊

4. တဖန်လူတစုံတယောက်ကိုချီးမြှောက်၍၊ အဲဂုတ္တုပြည်သို့ပြန်ကြစို့ဟု တယောက်ကို တယောက်ဆိုကြ၏။

5. မောရှေနှင့် အာရုန်တို့သည် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့ရှေ့မှာ ပြပ်ဝပ်လျက်နေကြ၏။

6. ခါနာန်ပြည်ကို စူးစမ်းသောလူစုထဲက နုန်၏သားယောရှု၊ ယေဖုန္နာ၏သားကာလက်တို့သည် မိမိတို့အဝတ်ကိုဆုတ်၍၊

7. ဣသရေလအမျိုးသားအပေါင်းတို့အားခေါ်လျက်၊ ငါတို့ရှောက် သွား၍စူးစမ်းသောပြည်သည် အလွန်တရာကောင်းသောပြည်ဖြစ်ပါ၏။

8. ထာဝရဘုရားသည် ငါတို့ကိုနှစ်သက်လျှင်၊ နို့နှင့် ပျားရည်စီးသောထိုပြည်သို့ ငါတို့ကိုဆောင်သွင်း၍ အပိုင်ပေးတော်မူလိမ့်မည်။

9. ထာဝရဘုရားကို မပုန်ကန်ကြပါနှင့်။ ထိုပြည်သူ ပြည်သားတို့ကို မကြောက်ကြနှင့်။ သူတို့သည် ငါတို့စားစရာဘို့ဖြစ်ကြ၏။ သူတို့၌အမှီတကဲမရှိ။ ထာဝရဘုရားသည် ငါတို့ဘက်၌ ရှိတော်မူ၏။ သို့ဖြစ်၍ သူတို့ကိုမကြောက်ကြနှင့်ဟု ပြောဆိုကြလေသော်။

10. ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်ကို ကျောက်ခဲနှင့်ပစ်စေခြင်းငှါ စီရင်ကြ၏။ ထိုအခါထာဝရဘုရား၏ဘုန်းတော်သည် ဣသရေလအမျိုးသားအပေါင်း တို့ရှေ့မှာ ပရိသတ်စည်းဝေးရာတဲတော်၌ ထင်ရှားလေ၏။

11. ထာဝရဘုရားကလည်း၊ ဤလူမျိုးသည် အဘယ်မျှကာလပတ်လုံး ငါ့ကို မရိုမသေပြုကြလိမ့်မည်နည်း။ သူတို့၌ ငါပြခဲ့ပြီးသမျှသောနိမိတ်လက္ခဏာတို့ကို မြင်ရ သော်လည်း အဘယ်မျှကာလပတ်လုံး ငါ့ကိုမယုံဘဲနေကြလိမ့်မည်နည်း။

12. သူတို့ကိုကာလနာဘေးဖြင့် ငါသည်ဒဏ်ခတ်၍သား၏အရာကိုနှုတ်မည်။ သူတို့ထက် သင့်ကိုသာ၍စည်ပင်သောအမျိုး၊ သာ၍တန်ခိုးကြီးသောအမျိုး ဖြစ်စေမည်ဟု မောရှေအားမိန့်တော်မူ၏။

13. မောရှေကလည်း၊ ကိုယ်တော်သည် ဤလူမျိုးကိုတန်ခိုးတော်အားဖြင့် အဲဂုတ္တုလူတို့ထဲက နှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍၊ နောက်တဖန် ဤသိတင်းကို အဲဂုတ္တုလူတို့သည်ကြားပြန်လျှင်၊

14. ဤပြည်၌နေသောသူတို့အား သိတင်းပြောကြလိမ့်မည်။ ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုး၌ရှိတော်မူကြောင်းကို၎င်း၊ ထာဝရဘုရား၊ ကိုယ်တော်သည် ထင်ရှားတော်မူကြောင်းကို၎င်း၊ မိုဃ်းတိမ်တော်သည် သူတို့ကို လွှမ်းမိုးကြောင်းကို၎င်း၊ ကိုယ်တော်သည်နေ့အချိန်၌ မိုဃ်းတိမ်တိုင်၊ ညဉ့်အချိန်၌ မီးတိုင်ဖြင့် သူတို့ရှေ့ကကြွတော်မူကြောင်းကို၎င်း ကြားရကြပြီ။

15. ယခုမှာ၊ ဤလူမျိုးကိုလူတယောက်ကဲ့သို့မှတ်၍ သုတ်သင်ပယ်ရှင်းတော်မူလျှင်၊ သိတင်းတော်ကိုကြားဘူးသော လူအမျိုးမျိုးတို့က၊

16. ထာဝရဘုရားသည် ထိုလူတို့အား ဤမည်သောပြည်ကို ငါပေးမည်ဟု ကျိန်ဆိုသော်လည်း၊ ထိုပြည်သို့ သူတို့ကိုဆောင်သွင်းခြင်းငှါ မတတ်နိုင်သောကြောင့်၊ တော၌သုတ်သင်ပယ်ရှင်းပြီဟု ပြောဆိုကြပါလိမ့်မည်။

17. ကိုယ်တော်က၊ ထာဝရဘုရားသည် သည်းခံသောသဘော၊ သနားသောသဘောနှင့် ပြည့်စုံတော်မူထသော၊ အဓမ္မကျင့်ခြင်း၊ တရားတော်ကို လွန်ကျူးခြင်းအပြစ်တို့ကို ဖြေလွှတ်သော်လည်း၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မမူထသော၊ လူအစဉ်အဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊

18. အဘတို့၏အပြစ်ကို သားတို့၌ဆပ်ပေးစီရင်တော်မူသောဘုရားသခင်ဖြစ်၏ဟု မိန့်တော်မူသည်အတိုင်း၊ အကျွန်ုပ်တို့၏ဘုရားရှင်တန်ခိုးတော်သည် ကြီးပါစေသော။

19. အဲဂုတ္တုပြည်ကထွက်သောနေ့မှစ၍ ယခုတိုင်အောင် ဤလူမျိုး၏အပြစ်ကို လွှတ်တော်မူသည်နည်းတူ ကရုဏာတော်များပြားသည်နှင့်အညီ ယခုလည်း လွှတ်တော်မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆိုလျှင်၊

20. ထာဝရဘုရားက၊ သင်တောင်းပန်သည်အတိုင်းငါလွှတ်၏။

21. ငါအသက်ရှင်သည်ဖြစ်၍၊ ထာဝရဘုရား၏ဘုန်းတော်သည် မြေတပြင်လုံး၌ နှံ့ပြားလိမ့်မည်။

22. ငါ့ဘုန်းတော်ကို၎င်း၊ အဲဂုတ္တုပြည်မှစ၍ ဤတော၌ထူးဆန်းသော တန်ခိုးတော်ကို၎င်း၊ မြင်ရသောလူအပေါင်းတို့သည်၊ ငါ့စကားကိုနားမထောင်၊ ဆယ်ကြိမ်တိုင်အောင် ငါ့ကိုစုံစမ်းသောကြောင့်၊

23. သူတို့ဘိုးဘေးတို့အား ငါကျိန်ဆိုသောပြည်ကို အကယ်စင်စစ် သူတို့သည်မမြင်ရကြ။ ငါ့ကိုမရိုမသေပြုသောသူ တစုံတယောက်မျှမမြင်ရ။

24. ငါ့ကျွန်ကာလက်မူကား ထူးခြားသောသဘောရှိ၍၊ ငါ့နောက်သို့ လုံးလုံး လိုက်သောကြောင့် သူသွားခဲ့ပြီးသောပြည်သို့ သူ့ကိုငါဆောင်သွင်းသဖြင့် သူ၏သားမြေးတို့သည် အမွေခံရကြလိမ့်မည်။

25. အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် ချိုင့်မှာနေကြသည်ဖြစ်၍ သင်တို့သည် နက်ဖြန်နေ့၌လှည့်လည်၍ ဧဒုံပင်လယ်လမ်းဖြင့် တောသို့သွားကြလော့ဟု မိန့်တော်မူ၏။

26. တဖန်ထာဝရဘုရားသည် မောရှေနှင့် အာရုန်အားမိန့်တော်မူသည်ကား၊

27. ငါ့ကိုအပြစ်တင်၍၊ မြည်တမ်းေသာ ဤပရိသတ်ဆိုးတို့ကို အဘယ်မျှကာလပတ်လုံး ငါသည်သည်းခံရအံ့နည်း။ ဣသရေလအမျိုးသားတို့သည် ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောစကားတို့ကို ငါကြားရပြီ။

28. သင်သည် သူတို့အားဆင့်ဆိုရမည်မှာ၊ ထာဝရဘုရားက ငါအသက်ရှင်သည်ဖြစ်၍၊ သင်တို့သည် ငါ့ကိုကြားစေခြင်းငှါ ပြောကြသော စကားအတိုင်း သင်တို့ကိုငါပြုမည်။

29. သင်တို့ကိုရေတွက်၍ စာရင်းယူသည်အတိုင်း၊ အသက်နှစ်ဆယ်လွန်သောသူ၊ ငါ့ကိုအပြစ်တင်၍ မြည်တမ်းသောသူအပေါင်းတို့သည်သေ၍ ဤတော၌ အသေ ကောင်ဖြစ်လျက် နေရစ်ကြလိမ့်မည်။

30. ငါသည် ဤမည်သောပြည်၌ သင်တို့ကို နေရာချမည်ဟု ငါကျိန်ဆို၏။ ထိုပြည်သို့ ယေဖုန္နာ၏သားကာလက်၊ နုန်၏သားယောရှုမှတပါး အဘယ်သူမျှ မရောက်ရ။

31. ရန်သူလုယူရာဖြစ်လိမ့်မည်ဟု သင်တို့ဆိုသောသူငယ်တို့ကို ငါဆောင်သွင်း၍ သင်တို့ပယ်သောပြည်ကို သူတို့သည်သိရကြလိမ့်မည်။

32. သင်တို့မူကား၊ ဤတော၌သေ၍ အသေကောင်ဖြစ်လျက်၊ နေရစ်ရကြလိမ့်မည်။

33. ဤတော၌ သင်တို့အသေကောင်များ ပျောက်ပျက်သည်တိုင်အောင်၊ ကိုယ်သားသမီးတို့သည် မိဘမှားယွင်းခြင်းအပြစ်များကိုဆောင်၍၊ ဤတော၌ အနှစ် လေးဆယ်ပတ်လုံး လှည့်လည်ရကြလိမ့်မည်။

34. ထိုပြည်ကို စူးစမ်းရာနေ့ရက်ပေါင်း အရက်လေးဆယ်နှင့်အညီ၊ တရက်ကို တနှစ်ထား၍ အနှစ်လေးဆယ်ပတ်လုံး ကိုယ်အပြစ်ကိုဆောင်လျက်၊ ငါ့စွန့်ပစ်ခြင်းကို သိရကြလိမ့်မည်။

35. အကယ်စင်စစ် ငါတဘက်၌စည်းဝေးသော ဤပရိသတ်ဆိုးအပေါင်းတို့ကို ထိုသို့ငါပြု၍ သူတို့သည် ဤတော၌သေကြပျောက်ပျက်ကြလိမ့်မည်ဟု ငါထာဝရ ဘုရားမိန့်တော်မူ၏။

36. မောရှေစေလွှတ်သောအခွင့်နှင့် ခါနာန်ပြည်ကို စူးစမ်း၍ပြန်လာသောအခါ၊ ထိုပြည်ကိုကဲ့ရဲ့သဖြင့် ပရိသတ်အပေါင်းမြည်တမ်းစေခြင်းငှါတိုက်တွန်းသောသူ၊

37. ခါနာန်ပြည်ကို မကောင်းသောသိတင်း ကြားပြောသောသူတို့သည်၊ ထာဝရဘုရားရှေ့တော်၌ ကာလနာဘေးနှင့် သေကြလေ၏။

38. ထိုပြည်ကိုစူးစမ်း၍ သွားသောလူတို့တွင် နုန်၏သားယောရှုနှင့် ယေဖုန္န၏သား ကာလက်တို့သာ အသက်ချမ်းသာရကြ၏။

39. မောရှေသည် ဣသရေလအမျိုးသားအပေါင်းတို့အား စကားတော်များကို ဆင့်ဆိုသောအခါ၊ လူများတို့သည် အလွန်ညည်းတွားလျက်နေကြ၏။

40. နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည်ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ဂတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊

41. မောရှေက၊ ထာဝရဘုရား၏အမိန့်တော်ကို အဘယ်ကြောင့် လွန်ကျူးကြသနည်း။ သင်တို့အကြံမထမြောက်ရ။

42. မသွားကြနှင့်၊ ထာဝရဘုရားသည် သင်တို့ဘက်၌ရှိတော်မမူ။ သွားလျှင် ရန်သူရှေ့မှာရှုံးရကြလိမ့်မည်။

43. အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည် သင်တို့မရောက်မှီရောက်နှင့်သည်ဖြစ်၍၊ သင်တို့သည် ထားဖြင့်ဆုံးကြလိမ့်မည်။ ထာဝရဘုရားထံတော်မှလွှဲသွားသောကြောင့် ထာဝရဘုရားသည် သင်တို့ဘက်၌ နေတော်မမူဟုဆိုသော်လည်း၊

44. သူတို့သည်ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည်တပ်ပြင်သို့ မထွက်မသွားဘဲနေလေ၏။

45. ထိုအခါတောင်ပေါ်မှာရှိနှင့်သော အာမလက်အမျိုးသားနှင့် ခါနာန်အမျိုးသားတို့သည်ဆင်းလာလျက်၊ ဣသရေလအမျိုးသားတို့ကို တိုက်၍အောင်သဖြင့် ဟောမာမြို့တိုင်အောင်လိုက်ကြလေ၏။