14. ငါသည် ကောင်းသောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍၊ ငါသည်လည်း ခမည်းတော်ကို သိသကဲ့သို့ ငါ၏သိုးကိုလည်း ငါသိ၏။ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
15. ငါသည် ကိုယ်အသက်ကို သိုးတို့အဘို့အလိုငှါ စွန့်၏။
16. ဤသိုးခြံသို့မဝင်သောအခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကို နားထောင်သဖြင့်၊ သိုးခြံတခု သိုးထိန်းတပါးတည်းရှိရလိမ့်မည်။
17. ငါသည် ကိုယ်အသက်ကိုစွန့်၍ နောက်တဖန် ယူဦးမည်ဖြစ်သောကြောင့်၊ ငါ့ခမည်းတော်သည် ငါ့ကို ချစ်တော်မူ၏။
18. ငါ့အသက်ကို အဘယ်သူမျှမလုမယူ။ ကိုယ်အလိုအလျောက် ငါစွန့်၏။ ကိုယ်အသက်ကို စွန့်ရသောအခွင့်နှင့် နောက်တဖန်ကိုယ်အသက်ကို ယူပြန်ရသောအခွင့်သည် ငါ၌ရှိ၏။ ထိုအခွင့်ကိုခမည်းတော်သည် ပေးတော်မူပြီဟု မိန့်တော်မူ၏။
19. ထိုစကားတော်ကြောင့် ယုဒလူတို့သည် တဖန်ကွဲပြားခြင်းရှိကြ၏။
20. လူများတို့က၊ သူသည်နတ်ဆိုးစွဲ၍အရူးဖြစ်၏။ သူ့စကားကို အဘယ်ကြောင့်နားထောင်သနည်းဟု ဆိုကြ၏။
21. အချို့တို့က၊ သူ့စကားသည် နတ်ဆိုးစွဲသောသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်စိကန်းသောသူတို့ကို မြင်စေခြင်းငှါ တတ်နိုင်သလောဟုဆိုကြ၏။
22. ဆောင်းကာလဖြစ်၍ အင်္ကနိပွဲကို ယေရုရှလင်မြို့၌ခံကြသောအခါ၊
23. ယေရှုသည် ဗိမာန်တော်နားမှာ ရှောလမုန် ကနားပြင်၌ စင်္ကြံသွားတော်မူစဉ်တွင်၊
24. ယုဒလူတို့သည် ကိုယ်တော်ကိုဝန်းရံ၍၊ သင်သည် အဘယ်မျှကာလပတ်လုံး ငါတို့ကို ယုံမှားစေမည်နည်း။ ခရစ်တော်မှန်လျှင် အတည့်အလင်းပြောပါဟုဆိုကြ၏။