21. ထိုနောက်မှပေါလုက၊ ငါသည်မာကေဒေါနိပြည်နှင့် အခါယပြည် ကိုရှောက်သွားပြီးလျှင်၊ ယေရုရှလင်မြို့သို့သွားမည်။ ထိုမြို့သို့ ရောက်ပြီးသည်နောက်၊ ရောမမြို့ကိုမြင်ရမည်ဟုစိတ်ထဲ၌ အကြံရှိသည်ဖြစ်၍၊
22. မိမိအားလုပ်ကျွေးသော သူနှစ်ယောက်၊ တိမောသနှင့် ဧရတ္တုတို့ကို မာကေဒေါနိပြည်သို့ စေလွှတ်ပြီးမှ မိမိသည် အာရှိပြည်၌ ခဏနေသေး၏။
23. ထိုအခါဘာသာတရားကြောင့် ရောက်သော အမှုကြီးဟူမူကား၊
24. ဒေမေတရိအမည်ရှိသော ပန်းထိမ်သမားတယောက်သည် အာတေမိနတ်သမီး၏ ငွေဗိမာန်ငယ်တို့ကို လုပ်သဖြင့်၊ ပန်းထိမ်သမား တို့အားစီးပွားများ ကိုပြုတတ်၏။
25. ထိုသူသည်ပန်းထိမ်သမားတို့နှင့် ထိုသို့သော အတတ်သမားများကိုစုရုံးစေပြီးလျှင်၊ အချင်းလူတို့၊ ဤ အတတ်ကိုသင်တို့သိကြ၏။
26. ယခုတွင် ထိုပေါလုက၊ လူလက်ဖြင့် လုပ်သမျှတို့သည် ဘုရားမဟုတ်ဟုဆိုသဖြင့်၊ ဧဖက်မြို့မှစ၍ အာရှိပြည် တရှောက်လုံးကုန် မတတ်၊ လူအပေါင်းတို့ကို ဖြားယောင်းသွေးဆောင်သည်ကို သင်တို့သည် မြင်လျက်၊ ကြားလျက်ရှိကြ၏။
27. ထိုသို့လူများတို့သည် ငါတို့၏အတတ်ကို ကဲ့ရဲ့သည်သာမက၊ ကြီးမြတ်သောနတ်သမီးအာတေမိ၏ ဗိမာန်တော်ကို ပမာဏမပြုသဖြင့်၊ အာရှိပြည် တရှောက်လုံးမှစ၍ လောကီနိုင်ငံသားတို့ ကိုးကွယ်သောဘုန်း အသရေတော်သည် ပျက်စီးခြင်းသို့ရောက်မည်ကို စိုးရိမ်စရာအကြောင်း ရှိပါသည်ဟု ပြောဆို၏။
28. ထိုစကားကိုကြားလျှင်၊ ထိုသူတို့သည် ဒေါသအမျက်နှင့် ပြည့်သဖြင့်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု အော်ဟစ်ကြ၏။
29. တမြို့လုံးရုန်းရင်းခတ်မျှဖြစ်၍၊ ပေါလုနှင့်အတူ ဒေသစာရီ လှည့်လည်သော မာတေဒေါနိလူ ဂါယုနှင့် အာရိတ္တာခုတို့ကို ဆွဲယူပြီးလျှင်၊ ပွဲခံရာစရပ်ထဲသို့ ညီညွတ်စွာ တဟုန်တည်းပြေးဝင်ကြ၏။
30. ပေါလုသည် လူစုထဲသို့ဝင်ခြင်းငှါ အလိုရှိလျှင် တပည့်တော် တို့သည် မြစ်တားကြ၏။
31. ပေါလု၏အဆွေဖြစ်သော အာရှိပွဲမင်းအချို့ ကလည်း၊ ပွဲခံရာ စရပ်ထဲသို့ကိုယ်ကိုမအပ်ပါနှင့်ဟု သူ့ထံသို့စေလွှတ်၍ တောင်းပန်လေ၏။
32. စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင်မိမိတို့မသိကြ။
33. ယုဒလူတို့သည် အာလေဇန္ဒြုကို အခွင့်ပေး၍ သူတပါးတို့သည် လူစုရှေ့သို့ သွားစေသဖြင့်၊ သူသည် လက်နှင့်အမှတ်ပေး၍ အပြစ်ဖြေရာ စကားကို လူများတို့ အား ပြောခြင်းငှါ အလိုရှိ၏။
34. သူသည်ယုဒလူဖြစ်သည်ကို သိကြလျှင်၊ ဧဖက်လူတို့၏ အာတေမိသည် ကြီးမြတ်တော်မူ၏ဟု နှစ်နာရီ ခန့်မျှလောက် လူအပေါင်း တို့သည် တသံတည်းနှင့် ဟစ်ကြ၏။