38. ထို့ကြောင့်ဇာဒုတ်၊ နာသန်၊ ဗေနာယနှင့်ဘုရင့် ကိုယ်ရံတော်တပ်သားတို့သည်ရှောလမုန်အား ဒါဝိဒ်မင်း၏မြည်းတော်ကိုစီးစေလျက် ဂိဟုန်စမ်းသို့ပို့ကြ၏။-
39. ဇာဒုတ်သည်ထာဝရဘုရားစံတော်မူရာတဲ တော်မှ မိမိဆောင်ခဲ့သောသံလွင်ဆီဘူးကိုယူ၍ ရှောလမုန်အားဘိသိက်ပေးလေသည်။ ထို့နောက် တံပိုးခရာမှုတ်လိုက်သောအခါ လူအပေါင်း တို့သည်``ရှောလမုန်မင်းသက်တော်ရှည်ပါစေ သော'' ဟုကြွေးကြော်ကြ၏။-
40. ထို့နောက်ရွှင်လန်းဝမ်းမြောက်စွာအော်ဟစ်လျက် ပလွေများကိုမှုတ်လျက် မြေကြီးကွဲမတတ် အသံဗလံများကိုပြုကာရှောလမုန်၏ နောက်မှလိုက်ကြ၏။
41. အဒေါနိယနှင့်သူ၏ဧည့်သည်တော်တို့သည် မိမိ တို့စားသောက်ပွဲပြီးခါနီး၌ထိုအသံကိုကြား ကြ၏။ ယွာဘသည်တံပိုးခရာမှုတ်သံကိုကြား သော်``မြို့ထဲ၌ဤအသံကားအဘယ်သို့နည်း'' ဟုမေး၏။-
42. သူ၏စကားမဆုံးမီ၌ပင်ယဇ်ပုရောဟိတ် အဗျာသာ၏သား ယောနသန်ရောက်ရှိလာသဖြင့် အဒေါနိယက``ဝင်ခဲ့လော့။ သင်သည်လူကောင်း တစ်ယောက်ဖြစ်၍သတင်းကောင်းကိုဆောင်ယူ လာသူဖြစ်ရပေမည်'' ဟုဆို၏။
43. ယောနသန်က``သတင်းကောင်းဖြစ်မည်မ ထင်ပါ။ အကျွန်ုပ်တို့အရှင်ဒါဝိဒ်မင်းသည် ရှောလမုန်အားမင်းမြှောက်လိုက်လေပြီ။-