10. ``ယခုအခါထာဝရဘုရားသည်ကတိတော် ကိုတည်စေတော်မူပြီ။ ငါသည်ခမည်းတော်၏ အရိုက်အရာကိုဆက်ခံ၍နန်းတက်ပြီးလျှင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာ ဗိမာန်တော်တည်ဆောက်ပြီးလေပြီ။-
11. ငါသည်ဣသရေလအမျိုးသားတို့နှင့်ထာဝရ ဘုရားပြုတော်မူသော ပဋိညာဉ်တော်ဆိုင်ရာ ကျောက်ပြားများပါရှိသည့်ပဋိညာဉ်သေတ္တာ တော်ကိုလည်းဗိမာန်တော်တွင်ထားရှိပြီး လေပြီ'' ဟုပြည်သူတို့အားမိန့်တော်မူ၏။
12. ထိုနောက်လူတို့၏မျက်မှောက်တွင်ရှောလမုန် သည်ယဇ်ပလ္လင်ရှေ့သို့သွား၍ရပ်တော်မူပြီး လျှင် လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုတော် မူ၏။-
13. (ရှောလမုန်သည်အလျားရှစ်ပေ၊ အနံရှစ်ပေ၊ အမြင့်ငါးပေရှိသောကြေးနီပလ္လင်စင်မြင့် ကိုတည်ဆောက်ပြီးတံတိုင်းအလယ်တွင်ထား တော်မူခဲ့၏။ မင်းကြီးသည်ထိုပလ္လင်စင်မြင့်ပေါ် သို့တက်၍လူအပေါင်းမြင်သာသည့်နေရာ တွင်ဒူးထောက်ကာလက်အုပ်ချီလျက်၊-)
14. ``အို ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသော ဘုရားမိုးမြေ၌မရှိပါ။ ကိုယ်တော်၏လူမျိုး တော်သည်စကားတော်ကိုတစ်သဝေမတိမ်း နာယူကျင့်သုံးကြသောအခါကိုယ်တော် သည်သူတို့နှင့်ထားရှိသည့်ပဋိညာဉ်တော် ကိုစောင့်ထိန်းတော်မူလျက်သူတို့အား မေတ္တာတော်ကိုပြတော်မူပါ၏။-
15. ကိုယ်တော်သည်အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ် အား ပေးခဲ့သည့်ကတိတော်ကိုတည်စေတော် မူပါပြီ။ ကိုယ်တော်မိန့်တော်မူခဲ့သမျှ အတိုင်းယနေ့အကောင်အထည်ပေါ်ပါပြီ။-
16. အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်အကျွန်ုပ်၏ ခမည်းတော်ဒါဝိဒ်အား`သင်၏သားမြေးတို့ သည်သင်နည်းတူပညတ်တော်ကိုဂရုပြု၍ လိုက်လျှောက်ကြလျှင် ဣသရေလပြည်တွင် အဘယ်အခါ၌မျှသင်၏အမျိုးမင်းရိုး ပြတ်မည်မဟုတ်' ဟုပေးတော်မူခဲ့သည့် ကတိတော်ကိုလည်းတည်စေတော်မူ ပါ။-
17. အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်၏အစေခံ၊ အကျွန်ုပ် ၏ခမည်းတော်ဒါဝိဒ်အားကတိထားတော်မူ သမျှတို့ကိုယခုဖြစ်ပွားစေတော်မူပါ။''
18. ``သို့ရာတွင်ဘုရားသခင်သည်လူတို့နှင့် အတူကမ္ဘာမြေကြီးပေါ်တွင် အကယ်ပင်စံ နေတော်မူနိုင်ပါသလော။ ကောင်းကင်ဘဝဂ် ပင်လျှင်ကိုယ်တော်စံနေတော်မူနိုင်အောင် မကျယ်ဝန်းပါလျှင်အကျွန်ုပ်တည်ဆောက် သည့်ဗိမာန်တော်ကားစံနေတော်မူနိုင်ရန် ကျယ်ဝန်းမည်မဟုတ်ပါ။-
19. အရှင်ထာဝရဘုရား၊ ကျွန်ုပ်သည်ကိုယ်တော် ၏ကျွန်ဖြစ်ပါ၏။ အကျွန်ုပ်ဆုတောင်းသံကို နားညောင်းတော်မူပါ။ အကျွန်ုပ်တောင်းသော ဆုကိုပေးသနားတော်မူပါ။-
20. ဤဗိမာန်တော်ကိုနေ့ညမပြတ်စောင့်ထိန်း ကြည့်ရှုတော်မူပါ။ ဤဌာနတော်တွင်ကိုယ် တော်အားကိုးကွယ်ဝတ်ပြုရကြမည်ဖြစ် ကြောင်းကိုယ်တော်မိန့်မှာတော်မူခဲ့သည်ဖြစ် ၍ ဤဗိမာန်တော်ကိုမျက်နှာမူလျက်အကျွန်ုပ် ဆုတောင်းသောအခါနားညောင်းတော်မူ ပါ။-
21. အကျွန်ုပ်၏ဆုတောင်းပတ္ထနာများကိုလည်း ကောင်း၊ ဤအရပ်သို့မျက်နှာမူလျက်ကိုယ် တော်၏လူမျိုးတော်ပြုသော ဆုတောင်းပတ္ထနာ များကိုလည်းကောင်းနားညောင်းတော်မူပါ။ ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှ အကျွန်ုပ်တို့လျှောက်ထားချက်များကို နား ညောင်းတော်မူပြီးလျှင်အကျွန်ုပ်တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။''
22. ``လူတစ်ယောက်သည်အခြားလူတစ်ယောက် အားမတရားပြုမှုနှင့်စွပ်စွဲခြင်းခံရသဖြင့် မိမိတွင်အပြစ်မရှိကြောင်းဤဗိမာန်တော်ရှိ ကိုယ်တော်၏ယဇ်ပလ္လင်တော်ရှေ့တွင်ကျမ်း ကျိန်သောအခါ၊-
23. အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားထောင် တော်မူပြီးလျှင်ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။''
24. ``ကိုယ်တော်၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ကိုယ်တော်ကိုပြစ်မှားသည့်အတွက် ရန်သူတို့လက်တွင်အရေးရှုံးနိမ့်ရကြသဖြင့် သူတို့သည်မိမိတို့အပြစ်များမှဖြေလွှတ် ရန်အထံတော်သို့ပြန်လာ၍ဤဗိမာန်တော် သို့လာရောက်ကာစိတ်နှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုကြသောအခါ၊-
25. ကောင်းကင်ဘုံမှသူတို့၏ဆုတောင်းပတ္ထနာ ကိုနားညောင်းတော်မူပါ။ လူမျိုးတော်၏အပြစ် များကိုဖြေလွှတ်တော်မူ၍ သူတို့နှင့်သူတို့ ၏ဘိုးဘေးများအားအပိုင်ပေးသနား တော်မူသည့်ပြည်တော်သို့ပြန်လည်ပို့ဆောင် တော်မူပါ။''
26. ``ကိုယ်တော်အားလူမျိုးတော်ပြစ်မှားသည့် အတွက် မိုးခေါင်စေတော်မူသောအခါသူတို့ သည်နောင်တရ၍ ဤဗိမာန်တော်သို့မျက်နှာ မူကာစိတ်နှလုံးနှိမ့်ချလျက်ဆုတောင်း ပတ္ထနာပြုပါလျှင်၊-
27. အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားညောင်း တော်မူပါ။ ကိုယ်တော်၏အစေခံဣသရေလ ပြည်သူတို့၏အပြစ်များကိုဖြေလွှတ်တော် မူပါ။ သူတို့အားလမ်းမှန်ကိုပြညွှန်တော်မူ ပါ။ ကိုယ်တော်၏လူမျိုးတော်အားအပိုင်ပေး သနားတော်မူသည့်ပြည်တော်တွင်မိုးရွာ စေတော်မူပါ။''
28. ``ပြည်တော်တွင်အစာငတ်မွတ်ခေါင်းပါး သောအခါ၊ အနာရောဂါဘေးဆိုက်သော အခါ၊ ကောက်ပဲသီးနှံတို့သည်လေပူမိခြင်း၊ ပိုးထိခြင်းသို့မဟုတ်ကျိုင်းကောင်အုပ်ကျ ခြင်းတို့ကြောင့်ပျက်စီးသွားသောအခါ၊ ကိုယ်တော်၏လူမျိုးတော်အားရန်သူတို့ တိုက်ခိုက်ကြသောအခါ၊ သူတို့တွင်ဘေး ဥပဒ်၊ အနာရောဂါတစ်စုံတစ်ရာကပ် ရောက်သောအခါ၊-