1. ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။-
2. (ဂိဗောင်မြို့မှလူတို့သည်ကားဣသရေလ အမျိုးသားများမဟုတ်။ သူတို့သည်အာ မောရိအမျိုးသားလူနည်းစုဖြစ်၍ သူတို့ အားဣသရေလအမျိုးသားတို့ကကာ ကွယ်စောင့်ရှောက်မည်ဟုကတိထားခဲ့၏။ သို့ ရာတွင်ရှောလုသည်ဣသရေလနှင့်ယုဒ ပြည်သူတို့အတွက် စိတ်ထက်သန်မှုကြောင့် ဂိဗောင်မြို့မှလူတို့အားသုတ်သင်ရန် ကြိုးစားခဲ့သတည်း။-)
3. ထို့ကြောင့်ဒါဝိဒ်သည်ဂိဗောင်မြို့မှလူတို့ ကိုခေါ်၍``ငါသည်သင်တို့အဖို့အဘယ် အမှုကိုပြုရပါမည်နည်း။ သင်တို့သည် ထာဝရဘုရား၏လူမျိုးတော်အားကောင်း ချီးပေးကြစေရန် ငါသည်သင်တို့ခံခဲ့ရ သည့်မတရားမှုအတွက်တစ်ခုခုပြု လုပ်ပေးလိုပါသည်'' ဟုမိန့်တော်မူလျှင်၊
4. ထိုသူတို့က``ရှောလုတို့မိသားစုနှင့်အကျွန်ုပ် တို့အချင်းပွားမှုကိုရွှေငွေနှင့်ပေးလျော်၍ မရနိုင်ပါ။ အကျွန်ုပ်တို့သည်အဘယ်ဣသ ရေလအမျိုးသားကိုမျှလည်းမသတ်လို ပါ'' ဟုလျှောက်ထားကြ၏။``ထိုသို့ဖြစ်ပါမူသင်တို့အတွက်အဘယ်သို့ ပြုစေလိုပါသနည်း'' ဟုမေးတော်မူလျှင်၊
5. ထိုသူတို့က``ရှောလုသည်ဣသရေလနိုင်ငံ အတွင်း၌ အကျွန်ုပ်တို့အမျိုးသားများ အလျှင်းမကျန်ရစ်ရအောင်သုတ်သင်ပစ် ရန်ကြံရွယ်ခဲ့ပါ၏။-
6. သို့ဖြစ်၍သူ၏သားမြေးခုနစ်ယောက်ကို အကျွန်ုပ်တို့အားပေးအပ်တော်မူပါ။ အကျွန်ုပ် တို့သည်ထာဝရဘုရားရွေးချယ်ခန့်ထား တော်မူသည့်ဘုရင်ရှောလု၏ဌာနေ၊ ဂိဗာ မြို့တွင်သူတို့အားထာဝရဘုရား၏ရှေ့ တော်၌စက်တိုင်တင်ပါမည်'' ဟုလျှောက် ကြ၏။မင်းကြီးက``ထိုသူတို့ကိုငါပေးအပ်မည်'' ဟုမိန့်တော်မူ၏။
7. ဒါဝိဒ်သည်ဘုရားသခင်၏ရှေ့တော်တွင် ယော နသန်နှင့်မိမိပြုခဲ့သည့်သစ္စာကတိကို ထောက်၍ ယောနသန်၏သား၊ ရှောလု၏မြေး မေဖိဗောရှက်၏အသက်ကိုချမ်းသာ ပေး၍၊-
8. အဲအာ၏သမီးရိဇပနှင့်ရှောလုရရှိသည့် သားတော်အာမောနိနှင့်မေဖိဗောရှက်နှစ် ယောက်၊ မေဟောလမြို့နေဗာဇိလဲ၏သား အဒြေလနှင့်ရှောလု၏သမီးမိရပ်ရရှိ သည့်သားငါးယောက်တို့ကို ဂိဗောင်မြို့မှ လူတို့အားပေးအပ်တော်မူ၏။-
9. ဂိဗောင်မြို့မှလူတို့သည်ထိုသူတို့အား တောင်ပေါ်တွင် ထာဝရဘုရား၏ရှေ့တော် ၌စက်တိုင်တင်လိုက်ကြ၏။ ထိုသူခုနစ် ယောက်စလုံးတို့သည်နွေဦးပေါက်မုယော စပါးရိတ်သိမ်းစကာလ၌တစ်ပြိုင်နက် သေကြလေသည်။
10. ထိုအခါအဲအာ၏သမီး၊ ရှောလု၏မောင်းမ တော်ရိဇပသည် လျှော်တေဝတ်ကိုအလောင်း များထားရာကျောက်ပေါ်မှာမိုးပြီးလျှင် စပါးရိတ်သိမ်းစကာလမှစ၍ မိုးဦးကျ ချိန်တိုင်အောင်အလောင်းများကိုနေ့အချိန် ၌လေသတ္တဝါ၊ ညဥ့်အချိန်၌မြေသတ္တဝါ တို့မချဉ်းကပ်စေရန်စောင့်ရှောက်လျက်နေ လေ၏။
11. ရိဇပ၏အပြုအမူကိုသိရှိတော်မူသော အခါ၊-
12. ဒါဝိဒ်သည်ဂိလဒ်ပြည်သို့သွား၍ယာဗက်မြို့ သားတို့ထံမှ ရှောလုနှင့်ယောနသန်၏အရိုး တို့ကိုဆောင်ယူတော်မူ၏။ (ယာဗက်မြို့သား တို့သည်ထိုအရိုးတို့ကိုဗက်ရှန်မြို့ရင်ပြင်မှ လျှို့ဝှက်စွာဆောင်ယူခဲ့ကြ၏။ ဖိလိတ္တိအမျိုး သားတို့သည်ဂိလဗောတောင်ပေါ်တွင် ရှောလု ကိုသတ်ပြီးနောက်သူ၏အလောင်းနှင့်ယော နသန်၏အလောင်းကိုဗက်ရှန်မြို့ရင်ပြင် တွင်ဆွဲထားကြသည်။-)
13. ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့၏ အရိုးကိုယူပြီးနောက် စက်တိုင်အတင်ခံ ရသောခုနစ်ယောက်တို့၏အရိုးတို့ကို လည်းစုသိမ်းတော်မူ၏။-
14. ထိုနောက်သူတို့သည်ထိုအရိုးများကိုရှောလု နှင့်ယောနသန်၏အရိုးတို့နှင့်အတူဗင်္ယာမိန် နယ်၊ ဇေလမြို့ရှိရှောလု၏ခမည်းတော်ကိရှ ၏သင်္ချိုင်းတွင်သင်္ဂြိုဟ်ကြ၏။ သူတို့သည်မင်း ကြီးမိန့်မှာတော်မူလိုက်သမျှတို့ကိုဆောင် ရွက်ကြ၏။ ထိုနောက်ဘုရားသခင်သည်ပြည် တော်အတွက် ထိုသူတို့တောင်းလျှောက်သည့် ဆုတောင်းပတ္ထနာများကိုနားညောင်းတော် မူ၏။
15. ဖိလိတ္တိအမျိုးသားတို့နှင့်ဣသရေလအမျိုး သားတို့သည်တစ်ဖန်စစ်ဖြစ်ကြပြန်၏။ ဒါဝိဒ် နှင့်လူတို့သည် ဖိလိတ္တိအမျိုးသားတို့ထံသို့ သွားရောက်တိုက်ခိုက်ကြ၏။ တိုက်ပွဲတစ်ခုတွင် ဒါဝိဒ်သည်မောပန်းလျက်နေ၏။-