10-11. ထာဝရဘုရားသည်ရှမွေလအား``ရှောလုကို ဘုရင်ခန့်မိသည်မှာမှားလေစွ။ သူသည်ငါ့အား ကျောခိုင်းကာငါ၏အမိန့်တော်တို့ကိုလွန်ဆန် ခဲ့လေပြီ'' ဟုမိန့်တော်မူ၏။ ရှမွေလသည် ဒေါသထွက်၏။ သူသည်တစ်ညဥ့်လုံးထာဝရ ဘုရားအားလျှောက်လဲအသနားခံပြီးနောက်၊-
12. နံနက်စောစော၌ရှောလုကိုရှာရန်ထွက်ခွာ သွား၏။ ရှောလုသည်ကရမေလမြို့သို့သွား ၍ မိမိအတွက်အမှတ်တရကျောက်တိုင်ကို တည်ဆောက်ကြောင်း၊ ထိုမှတစ်ဆင့်ဂိလဂါလ မြို့သို့ထွက်ခွာသွားကြောင်းရှမွေလကြား သိရ၏။-
13. ရှမွေလသည်ရှောလုရှိသည့်အရပ်သို့ ရောက်သော်ရှောလုက``ကိုယ်တော်အားထာဝရ ဘုရားကောင်းချီးပေးတော်မူပါစေသော။ အကျွန်ုပ်သည်ထာဝရဘုရား၏အမိန့်တော် ကိုနာခံခဲ့ပါပြီ'' ဟုဆို၍ကြိုဆို၏။
14. ရှမွေလက``ယင်းသို့ဖြစ်ပါမူအဘယ် ကြောင့်သိုးနွားတို့အော်မြည်သံကိုငါကြား ရပါသနည်း'' ဟုမေး၏။
15. ရှောလုက``အကျွန်ုပ်၏လူတို့သည်ထိုသိုး နွားများကိုအာမလက်အမျိုးသားတို့ထံ မှသိမ်းယူခဲ့ကြပါ၏။ သူတို့သည်အဆူ ဖြိုးဆုံးသောသိုးနွားတို့ကို အရှင်ဘုရားသခင်ထာဝရဘုရားအားယဇ်ပူဇော်ရန် ထားရှိကြပါ၏။ အခြားကျန်ရှိသည့် အရာများကိုမူလုံးဝဖျက်ဆီး လိုက်ကြပါပြီ'' ဟုဖြေကြား၏။
16. ရှမွေလက``နားထောင်လော့။ ထာဝရဘုရား သည် ငါ့အားယမန်နေ့ညကအဘယ်သို့ မိန့်တော်မူသည်ကိုသင့်အားငါဖော်ပြမည်'' ဟုဆိုလျှင်ရှောလုက``အမိန့်ရှိပါ'' ဟုဆို၏။
17. ရှမွေလက``သင်သည်မိမိကိုယ်ကိုသေး နုတ်သူဟုယူဆသော်လည်း သင်သည်ဣသ ရေလအနွယ်တို့၏ခေါင်းဆောင်ဖြစ်ချေသည်။ ထာဝရဘုရားသည်သင့်အားဣသရေလ ဘုရင်အဖြစ်ဘိသိက်ပေးတော်မူခဲ့၏။-
18. ယုတ်မာသောထိုအာမလက်အမျိုးသားတို့ အား သုတ်သင်ပစ်ရန်အမိန့်ပေး၍သင့်ကိုစေ လွှတ်ခဲ့၏။ ကိုယ်တော်သည်သူတို့အားတစ် ယောက်မကျန်သတ်ဖြတ်ပြီးသည်တိုင်အောင် စစ်တိုက်ရန်မှာကြားတော်မူခဲ့၏။-
19. သင်သည်အဘယ်ကြောင့်ကိုယ်တော်၏အမိန့် တော်ကိုမနာခံပါသနည်း။ အဘယ်ကြောင့် လက်ရပစ္စည်းများကိုမက်မက်မောမောသိမ်း ယူကာ ထာဝရဘုရားမနှစ်သက်သော အမှုကိုပြုဘိသနည်း'' ဟုဆို၏။
20. ရှောလုက``အကျွန်ုပ်သည်အမှန်ပင်ထာဝရ ဘုရား၏အမိန့်တော်ကိုနာခံခဲ့ပါ၏။ ကိုယ် တော်စေခိုင်းတော်မူသည့်အတိုင်းသွားရောက် ၍အာဂတ်မင်းကိုခေါ်ဆောင်ခဲ့ပါ၏။ အာမ လက်အမျိုးသားအပေါင်းကိုလည်းသုတ် သင်ပစ်ခဲ့ပါ၏။-