5. သင်သည်ဤအမှုအရာကိုမြင်၍ရွှင်လန်း ဝမ်းမြောက်ရလိမ့်မည်။စိတ်နှလုံးထိခိုက်တုန်လှုပ်လာလိမ့်မည်။လူမျိုးတကာတို့သည်မိမိတို့၏စည်းစိမ် ချမ်းသာများကိုသင်၏ထံသို့ယူဆောင်လာကြလိမ့်မည်။သူတို့၏ပစ္စည်းဥစ္စာများသည်ပင်လယ်ရပ်ခြား မှ ရောက်ရှိလာလိမ့်မည်။
6. ဝန်တင်ကုလားအုပ်တပ်ကြီးများသည်မိဒျန်ပြည်နှင့်ဧဖာပြည်မှရောက်ရှိလာ၍ သင်၏ဒေသကိုလွှမ်းမိုးလိမ့်မည်။ရှေဘပြည်မှရွှေနှင့်နံ့သာပေါင်းကိုယူဆောင် လာကြလိမ့်မည်။လူတို့သည်ဘုရားသခင်ပြုတော်မူသောအမှုတော်အကြောင်းသတင်းကောင်းကို ချီးမွမ်းကြလိမ့်မည်။
7. ကေဒါပြည်နှင့်နဗာယုတ်ပြည်တို့မှသိုးရှိ သမျှကိုယဇ်ကောင်များအဖြစ်ဖြင့်သင်၏ထံသို့ ယူဆောင်လာပြီးလျှင်၊ထာဝရဘုရားနှစ်သက်တော်မူစေရန် ယဇ်ပလ္လင်ပေါ်တွင်တင်လှူပူဇော်ကြလိမ့်မည်။ထာဝရဘုရားသည်မိမိ၏ဗိမာန်တော်ကို အဘယ်အခါနှင့်မျှမတူအောင်ဘုန်း အသရေထွန်းတောက်စေတော်မူလိမ့်မည်။
8. မိုးတိမ်များကဲ့သို့လည်းကောင်း၊အိပ်တန်းပြန် ချိုးငှက်များကဲ့သို့လည်းကောင်း၊ရေမျက်နှာပြင်ကိုလျှပ်၍လာနေသောသင်္ဘောများ ကားအဘယ်သင်္ဘောများနည်း။
9. ထိုသင်္ဘောတို့သည်ရပ်ဝေးမှဘုရားသခင်၏လူမျိုးတော်အားမိမိတို့ပြည်သို့တင်ဆောင်လာသည့် သင်္ဘောများဖြစ်၏။ယင်းတို့သည်ဣသရေလအမျိုးသားတို့၏ သန့်ရှင်းသောဘုရားသခင်ထာဝရဘုရားကိုချီးမြှောက်ရန်၊ရွှေနှင့်ငွေများကိုယူဆောင် လာကြခြင်းဖြစ်၏။ကိုယ်တော်သည်မိမိ၏လူမျိုးတော်ကို ချီးမြှောက်စေတော်မူပြီ။
10. ထာဝရဘုရားကယေရုရှလင်မြို့အား``လူမျိုးခြားတို့သည်သင်၏မြို့ရိုးများကို ပြန်လည်တည်ဆောက်ကြလိမ့်မည်။သူတို့၏ဘုရင်များသည်လည်းသင်တို့၏ အစေကိုခံကြလိမ့်မည်။ငါသည်အမျက်ထွက်သဖြင့်သင်တို့အား အပြစ်ဒဏ်ခတ်ခဲ့၏။သို့ရာတွင်ယခုအခါသင်တို့အားမျက်နှာ သာပေး၍ ကရုဏာပြတော်မူမည်။
11. လူမျိုးတကာတို့၏ဘုရင်များသည်မိမိတို့ပစ္စည်းများကိုယူဆောင်လာနိုင်ရန်၊သင်သည်မိမိ၏တံခါးကိုနေ့ရောညဥ့်ပါ ဖွင့်၍ထားရလိမ့်မည်။
12. သို့ရာတွင်သင်၏အစေကိုမခံသည့်လူမျိုးတို့မူကား၊လုံးဝသုတ်သင်ဖျက်ဆီး ခြင်းကို ခံရကြလိမ့်မည်။
13. ``အို ယေရုရှလင်မြို့၊ သင့်ကိုပြန်လည်တည်ဆောက်၍ ငါ၏ဗိမာန်တော်ကိုလှပတင့်တယ်စေရန်နှင့်၊ငါခြေချရာနေရာကိုဘုန်းအသရေ ထွန်းတောက်စေရန်သူတို့သည်လေဗနုန်တောမှလက်ရွေးစင် ထင်းရှူးသား၊တဒေရသားနှင့်တာရှုရသားတို့ကို သင့်ထံယူဆောင်လာကြလိမ့်မည်။
14. သင်တို့ကိုနှိပ်စက်ညှဉ်းဆဲသူတို့၏သားမြေးများသည်သင့်ထံလာရောက်၍ ဦးညွှတ် အလေးပြုကြလိမ့်မည်။အခါတစ်ပါးကသင့်အားမထီမဲ့မြင်ပြုသူအပေါင်းတို့သည်သင်၏ခြေရင်း၌ ပျပ်ဝပ် ရှိခိုးကြလိမ့်မည်။သူတို့သည်သင့်အား`ထာဝရဘုရား၏မြို့တော်' ဟူ၍လည်းကောင်း၊`ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်ဇိအုန်' ဟူ၍လည်းကောင်းခေါ်ဝေါ်သမုတ်ကြလိမ့် မည်။