1. သင်တို့ဘုရားသခင်က``ငါ၏လူမျိုးတော်ကိုနှစ်သိမ့်စေကြလော့။ သူတို့ကိုနှစ်သိမ့်စေကြလော့။
2. ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊သူတို့၏အပြစ်များကိုယခုငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
3. အသံတစ်ခုက``တောကန္တာရ၌ထာဝရဘုရား ကြွတော်မူရန်ခရီးလမ်းကိုအသင့်ပြင်ကြလော့၊ငါတို့ဘုရားသခင်ကြွတော်မူရန် လမ်းကိုရှင်းလင်းကြလော့။
4. ချိုင့်ဝှမ်းရှိသမျှကိုဖို့၍တောင်ကြီးတောင်ငယ် အပေါင်းကိုဖြိုချရကြလိမ့်မည်။တောင်ကုန်းများသည် မြေညီဖြစ်လျက်ကြမ်းတမ်းသည့်နယ်မြေသည် ချောမော၍လာရလိမ့်မည်။
5. ထိုအခါထာဝရဘုရား၏ဘုန်းအသရေ တော်သည် ပေါ်လွင်ထင်ရှားလာမည်ဖြစ်၍၊လူသတ္တဝါအပေါင်းတို့သည်ထိုဘုန်း အသရေတော်ကိုဖူးမြင်ရကြလိမ့်မည်။ယင်းသို့ဖြစ်ပျက်စေရန်ထာဝရဘုရားကိုယ်တော်တိုင်ကတိပြုတော်မူလေပြီ'' ဟု ကြွေးကြော်လေသည်။
6. ထိုအသံက``ကြွေးကြော်လော့'' ဟုဆိုသဖြင့်``အဘယ်အရာကိုကြွေးကြော်ရပါမည်နည်း'' ဟုငါမေးလျှင်``လူသတ္တဝါအပေါင်းတို့သည်မြက်ပင်နှင့်တူ ကြောင်းနှင့်တောပန်းများကဲ့သို့တာရှည်မခံကြောင်းကို ကြွေးကြော်လော့။
7. ထာဝရဘုရားစေလွှတ်တော်မူသည့်လေနှင့် ထိသောအခါ၊မြက်ပင်သည်သွေ့ခြောက်လျက်ပန်းများသည်လည်း ညှိုးနွမ်း၍သွားတတ်၏။လူတို့သည်မြက်ပင်တမျှသာလျှင် သန်မာကြပါသည်တကား။
8. မြက်ပင်သည်အမှန်ပင်ခြောက်သွေ့လျက် ပန်းများသည်လည်းအမှန်ပင်ညှိုးနွမ်းတတ်၏။သို့ရာတွင်ဘုရားသခင်၏နှုတ်ကပတ်တော်သည်အဘယ်အခါ၌မျှမပျောက်မပျက်တတ်'' ဟု ဆို၏။
9. အို ယေရုရှလင်မြို့၊မြင့်သောတောင်ပေါ်သို့တက်၍၊ သတင်းကောင်းကိုကြေညာလော့။အို ဇိအုန်တောင်၊အသံကျယ်စွာဟစ်၍သတင်းကောင်းကို ကြေညာလော့။မကြောက်နှင့်၊ ပွင့်လင်းစွာပြောကြားလော့။ယုဒမြို့များအားသူတို့၏ဘုရားသခင်ကြွလာစေတော်မူမည့်အကြောင်းကိုပြောကြားလော့။
10. ထာဝရအရှင်ဘုရားသခင်သည်မိမိကယ်တင်ထားတော်မူသည့် လူတို့ကိုခေါ်၍တန်ခိုးတော်နှင့်အုပ်စိုးရန်ကြွလာ တော်မူလိမ့်မည်။
11. ကိုယ်တော်သည်သိုးထိန်းကဲ့သို့မိမိ၏လူမျိုး တော်ကို ကျွေးမွေးပြုစုတော်မူလိမ့်မည်။သိုးထိန်းသည်သိုးငယ်များကိုစုသိမ်း၍ လက်ဖြင့်ချီပွေ့ကာသူတို့၏မိခင်များကိုဖြည်းညှင်းစွာလမ်းပြ ပို့ဆောင်တော်မူလိမ့်မည်။
12. သမုဒ္ဒရာရေကိုလက်ခုပ်ဖြင့်ချင်တွယ်နိုင်သူ၊သို့တည်းမဟုတ်၊မိုးကောင်းကင်ကိုလက်နှင့်ထွာ၍ တိုင်းတာနိုင်သူရှိပါသလော။မြေဆီလွှာရှိသမျှကိုခွက်ဖလားတွင်ထည့် ထားနိုင်သူ၊သို့တည်းမဟုတ်တောင်ကြီးတောင်ငယ်တို့ကို ချိန်ခွင်နှင့်ချိန်စက်နိုင်သူရှိပါသလော။