31. ``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
32. မာန်မာနထောင်လွှားသည့်သင်တို့နိုင်ငံသည် ခြေချော်၍လဲလိမ့်မည်။ သင့်အားပြန်ထရန် အဘယ်သူမျှကူမလိမ့်မည်မဟုတ်။ ငါ သည်သင်တို့၏မြို့များကိုမီးလောင်ကျွမ်း စေမည်ဖြစ်၍ သင်တို့ပတ်လည်တွင်ရှိသမျှ သောအရာတို့သည်ပျက်စီးလိမ့်မည်'' ဟု မိန့်တော်မူ၏။
33. အနန္တတန်ခိုးရှင်ထာဝရဘုရားက``ဣသ ရေလနှင့်ယုဒပြည်သားတို့သည်ညှင်းပန်း နှိပ်စက်ခြင်းကိုခံရကြ၏။ ဖမ်းဆီးသိမ်းယူ သွားသူများသည်သူတို့အားကြပ်တည်းစွာ အစောင့်ချ၍ထားကြ၏။ သူတို့ကိုထွက်ခွာ သွားခွင့်မပြုကြ။-
34. သို့ရာတွင်ထိုသူတို့အားကယ်ဆယ်တော်မူ မည့်အရှင်သည်ခွန်အားကြီးမားတော်မူ၏။ ထိုအရှင်၏နာမတော်မှာအနန္တတန်ခိုးရှင် ထာဝရဘုရားဖြစ်သတည်း။ ထိုအရှင်ကိုယ် တော်တိုင်သူတို့၏အကျိုးကိုပြုစုတော်မူ ၍ ပြည်တော်တွင်ငြိမ်းချမ်းသာယာမှုရှိစေ တော်မူလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ ကိုမူကားဒုက္ခရောက်စေတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
35. ထာဝရဘုရားက``ဗာဗုလုန်ပြည်သည် ပျက်ပြုန်း ရလိမ့်မည်။ပြည်သူပြည်သားများ၊အုပ်စိုးသူများနှင့် ပညာရှိများသည်သေဆုံးရကြလိမ့်မည်။
36. ထိုပြည်၏မိစ္ဆာပရောဖက်တို့သည်သေဆုံး ရကြလိမ့်မည်။သူတို့သည်အလွန်မိုက်မဲသူများဖြစ်၏။ထိုပြည်၏စစ်သည်တပ်သားတို့သည် သေဆုံးရကြလိမ့်မည်။သူတို့သည်အလွန်ကြောက်လန့်တုန်လှုပ်လျက် ရှိကြ၏။
37. သူတို့၏မြင်းများ၊စစ်ရထားများကို ဖျက်ဆီးပစ်ကြလော့။ငှားရမ်းထားသည့်စစ်သည်တပ်သားတို့ သည် သေဆုံးရကြလိမ့်မည်။သူတို့သည်အလွန်အားအင်ချည့်နဲ့လျက် နေကြ၏။ဗာဗုလုန်မြို့၏ပစ္စည်းဘဏ္ဍာများကို ဖျက်ဆီးပစ်ကြလော့။ယင်းတို့ကိုတိုက်ခိုက်လုယက်ကြလော့။
38. ထိုပြည်တွင်မိုးခေါင်စေ၍မြစ်များကိုခန်း ခြောက် စေကြလော့။ဗာဗုလုန်ပြည်သည်ထိတ်လန့်ဖွယ်ကောင်းသည့် ရုပ်တုပေါများသည့်ပြည်ဖြစ်ပေသည်။ထိုရုပ်တုများကြောင့်ပြည်သူတို့သည် မိုက်မဲသူများဖြစ်ကြလေပြီ။
39. ``သို့ဖြစ်၍ဗာဗုလုန်မြို့သည်နတ်ဆိုးများ၊ ဆိုးညစ်သောဝိညာဉ်များနှင့် ငှက်ဆိုးများ ခိုအောင်းရာဖြစ်လိမ့်မည်။ ထိုမြို့သည်နောင် ကာလအစဉ်အဆက်လူသူကင်းမဲ့ရာ အရပ်ဖြစ်လိမ့်မည်။-
40. သောဒုံမြို့၊ ဂေါမောရမြို့နှင့်နီးနားဝန်းကျင် ကျေးရွာများသည် ငါ၏ဖျက်ဆီးခြင်းကိုခံခဲ့ ရသည့်နည်းတူ ဗာဗုလုန်မြို့သည်လည်းခံရ လိမ့်မည်။ ကာလအနည်းငယ်မျှပင်လျှင်ထို မြို့တွင်နေထိုင်သူတစ်ဦးတစ်ယောက်မျှရှိ လိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏။
41. ``မြောက်ဘက်နိုင်ငံတစ်ခုမှလူတို့သည် ချီတက်၍လာလိမ့်မည်။ရပ်ဝေးမှတန်ခိုးကြီးမားသည့်နိုင်ငံဖြစ်သည်။ဘုရင်များသည်စစ်တိုက်ရန်ပြင်ဆင်လျက်ရှိ၏။
42. သူတို့သည်မိမိတို့လေးများနှင့်ဋ္ဌားများကို ကိုင်စွဲကြလေပြီ။သူတို့သည်ရက်စက်ကြမ်းကြုတ်၍ ကရုဏာကင်းမဲ့သူများဖြစ်ပေသည်။သူတို့၏မြင်းခွာသံများသည်ပင်လယ်ရေ မြည်ဟီးသံနှင့်တူ၏။သူတို့သည်ဗာဗုလုန်မြို့ကိုတိုက်ရန် အသင့်ရှိကြလေပြီ။
43. ဗာဗုလုန်ဘုရင်သည်ထိုသတင်းကိုကြား သောအခါ မိမိ၏လက်များကိုပင်မလှုပ်မရှားနိုင် တော့ချေ။သူသည်စိတ်ဒုက္ခရောက်လျက်သားဖွားသည့် အမျိုးသမီးကဲ့သို့ဝေဒနာခံရလေသည်။