17. ``ငါသည်မိမိလက်များကိုကမ်းလှမ်းပါ သော်လည်း ငါ့အားကူညီမည့်သူတစ်ဦးတစ်ယောက်မျှ မရှိ။ထာဝရဘုရားသည်ငါ့အားတိုက်ခိုက်ရန်အရပ်တကာမှရန်သူများကို ဆင့်ခေါ်တော်မူလေပြီ။သူတို့သည်ငါ့ကိုရွံရှာဖွယ်ကောင်းသည့် အရာဟု မှတ်ယူကြပါ၏။''
18. ``သို့ရာတွင်ထာဝရဘုရားသည် တရားမျှတတော်မူပါသည်။အဘယ်ကြောင့်ဆိုသော်ငါသည်ကိုယ်တော်၏ အမိန့်တော်ကိုလွန်ဆန်ခဲ့သောကြောင့်တည်း။အရပ်တကာရှိလူတို့ငါပြောဆိုသည်ကို နားထောင်ကြလော့။ငါ၏ဝေဒနာကိုကြည့်ရှုကြလော့။ငါ၏သားပျိုသမီးပျိုတို့သည်သုံ့ပန်း အဖြစ် ခေါ်ဆောင်ခြင်းကိုခံရကြလေပြီ။''
19. ``ငါသည်မိမိမဟာမိတ်များထံတွင်အကူအညီ တောင်းခံပါသော်လည်းသူတို့ကငြင်းဆန်ခဲ့ကြ၏။ယဇ်ပုရောဟိတ်များနှင့်ခေါင်းဆောင်များသည် အသက်ဆက်လက်ရှင်သန်နိုင်ရေးအတွက်အစားအစာရှာဖွေလျက်နေစဉ်လမ်းများပေါ်၌ သေဆုံးရကြပါ၏။''
20. ``အို ထာဝရဘုရား၊ကျွန်တော်မျိုးပူပင်သောကဖြစ်လျက် ရှိသည်ကိုလည်းကောင်း၊ကျွန်တော်မျိုး၏စိတ်ဝိညာဉ်သည်ပြင်းစွာဒုက္ခရောက်လျက်နေသည်ကိုလည်းကောင်း ကြည့်ရှုတော်မူပါ။ကျွန်တော်မျိုးသည်မိမိအပြစ်များကြောင့် စိတ်နှလုံးကြေကွဲလျက်နေပါ၏။လမ်းပေါ်တွင်လူသတ်မှုကိုတွေ့ရပါ၏။အိမ်တွင်း၌ပင်သေမင်းကိုတွေ့ရှိရပါ၏။''
21. ``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''