33. သို့သော်ငါသည်ဒါဝိဒ်ကိုချစ်မြဲချစ်မည်။သူ့အားငါထားသည့်ကတိတော်ကိုလည်း ဖျက်မည်မဟုတ်။
34. ငါသည်သူနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို ပျက်ပြယ်စေမည်မဟုတ်။သူ့အားပေးခဲ့သောကတိတော်တစ်ခုကိုမျှ ရုပ်သိမ်းမည်မဟုတ်။
35. ``ငါသည်အဘယ်အခါ၌မျှဒါဝိဒ်အား လှည့်စား၍ မိန့်ဆိုမည်မဟုတ်ဟူ၍သန့်ရှင်းမြင့်မြတ်သည့်ငါ့နာမကိုတိုင်တည်၍ တစ်ခါတည်းအပြီးအပိုင်ကတိပေးပြီ။
36. ဒါဝိဒ်၏မျိုးရိုးအဘယ်အခါ၌မျှမတိမ်ကောရ။နေသည်ထွန်းလင်းလျက်နေသမျှကာလပတ်လုံး ငါသည်သူ၏ရာဇပလ္လင်ကိုတည်မြဲစေမည်။
37. သူ၏နိုင်ငံသည်မိုးကောင်းကင်တွင်တည်မြဲသော သက်သေဖြစ်သည့်လကဲ့သို့အစဉ်အမြဲတည်လျက်နေလိမ့်မည်'' ဟု မိန့်တော်မူ၏။
38. သို့ရာတွင်ကိုယ်တော်ရှင်သည်မိမိဘိသိက်ပေးတော်မူသောဘုရင်ကို အမျက်ထွက်တော်မူပါ၏။ကိုယ်တော်ရှင်သည်သူ့အားစွန့်ပစ်တော်မူပါပြီ။ သူ့အားပစ်ပယ်တော်မူပါပြီ။
39. ကိုယ်တော်ရှင်၏အစေခံနှင့်ပြုတော်မူခဲ့သော ပဋိညာဉ်တော်ကိုလည်းပယ်ဖျက်တော်မူပါပြီ။သူ၏သရဖူကိုမြေသို့ချတော်မူပါပြီ။
40. သူ၏မြို့တော်တံတိုင်းများကိုချိုးဖျက်တော်မူ၍ သူ၏ခံတပ်များကိုဖြိုဖျက်တော်မူပါပြီ။
41. သူ၏အနီးမှဖြတ်သန်းသွားလာကြသူ အပေါင်းသည် သူ၏ဥစ္စာပစ္စည်းများကိုခိုးယူကြပါ၏။အိမ်နီးချင်းအပေါင်းတို့သည်ပြောင်လှောင် ကြပါ၏။
42. ကိုယ်တော်ရှင်သည်သူ၏ရန်သူတို့အားအောင်ပွဲကို ခံစေတော်မူပါပြီ။သူတို့အားလုံးကိုဝမ်းမြောက်ရွှင်လန်းစေတော် မူပါပြီ။
43. ကိုယ်တော်ရှင်သည်သူ၏ဋ္ဌားတို့ကိုတုံးစေတော် မူ၍ သူ့အားစစ်ပွဲတွင်အရေးရှုံးနိမ့်စေတော်မူ ပါပြီ။
44. ကိုယ်တော်ရှင်သည်သူ၏လှံတံတော်ကို ယူသိမ်းတော်မူ၍သူ၏ရာဇပလ္လင်တော်ကိုမြေသို့ လဲကျစေတော်မူပါပြီ။
45. ကိုယ်တော်ရှင်သည်သူ့အားအချိန်မကျမီ အိုစေတော်မူ၍အရှက်တကွဲဖြစ်စေတော်မူပါပြီ။
46. အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်မျက်နှာတော်ကိုအစဉ်ပင် ဖုံးကွယ်၍ထားတော်မူပါမည်လော။ကိုယ်တော်ရှင်၏အမျက်တော်သည်အဘယ်မျှကြာအောင်မီးကဲ့သို့တောက်လောင်၍ နေတော်မူပါမည်နည်း။
47. ကျွန်တော်မျိုး၏အသက်သည်အဘယ်မျှတိုကြောင်း အောက်မေ့သတိရတော်မူပါ။ကိုယ်တော်ရှင်သည်သေမျိုးဖြစ်သောကျွန်တော်မျိုးအပေါင်းတို့အားဖန်ဆင်းထား တော်မူသည်ကိုအောက်မေ့သတိရတော်မူပါ။
48. အဘယ်သူသည်မသေဘဲအစဉ်အသက်ရှင်၍ နေနိုင်ပါမည်နည်း။လူသည်မိမိကိုယ်ကိုအဘယ်သို့လျှင်သင်္ချိုင်းတွင်းသို့မရောက်အောင်တားဆီးနိုင် ပါမည်နည်း။
49. အို ဘုရားသခင်၊ယခင်ကဖော်ပြခဲ့သောကိုယ်တော်ရှင်၏ မေတ္တာတော်ကားအဘယ်မှာနည်း။ဒါဝိဒ်အားကိုယ်တော်ရှင်ထားတော်မူသော ကတိတော်များကားအဘယ်မှာနည်း။
50. ကိုယ်တော်ရှင်၏အစေခံကျွန်တော်မျိုးသည် အဘယ်သို့ အစော်ကားခံရသည်ကိုလည်းကောင်း၊ဘုရားမဲ့သူတို့၏ကျိန်ဆဲခြင်းများကိုအဘယ်သို့ကျွန်တော်မျိုးခံရသည်ကို လည်းကောင်း မေ့တော်မမူပါနှင့်။
51. အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ရွေးချယ်သောဘုရင်ကိုကိုယ်တော်ရှင်၏ရန်သူတို့သည်စော်ကားကြ ပါသည်တကား။သူတို့သည်သူ့အားသွားလေရာရာတွင် စော်ကားကြပါ၏။
52. ထာဝရဘုရားအားကာလအစဉ်အဆက် ထောမနာပြုကြကုန်လော့။အာမင်၊ အာမင်။