1. ဘုရားသခင်သည်စိတ်နှလုံးဖြူစင်သန့်ရှင်း သူများဖြစ်သည့်ဣသရေလအမျိုးသားတို့အား အမှန်ပင် ကျေးဇူးပြုတော်မူ၏။
2-3. သို့ရာတွင်သူယုတ်မာတို့ကောင်းစားသည်ကို မြင်ရသောအခါမောက်မာသူတို့ကိုမရှုလိုစိတ်ရှိသဖြင့်ငါ သည် ခလုတ်တိုက်၍လဲလုပါပြီ။ငါ၏ခြေတို့သည်လည်းတိမ်းချော်လုပြီ။
4. ထိုသူတို့သည်ဝေဒနာမခံစားရကြ။ ကျန်းမာသန်စွမ်းသူများဖြစ်ကြ၏။
5. သူတို့သည်အခြားသူများကဲ့သို့ဝေဒနာ မခံရကြ။ အခြားသူများကဲ့သို့ဒုက္ခမရောက်ရကြ။
6. သို့ဖြစ်၍သူတို့သည်မာန်မာနကိုလည်ဆွဲ တန်ဆာကဲ့သို့လည်းကောင်း၊အကြမ်းဖက်မှုကိုဝတ်လုံကဲ့သို့လည်း ကောင်း ဝတ်ဆင်ကြ၏။
7. သူတို့၏စိတ်နှလုံးမှမကောင်းမှုများကို ထုတ်ဖော်၍သူတို့၏စိတ်သည်ယုတ်မာသည့်အကြံအစည် များကိုတွေးတောလျက်နေကြ၏။
8. သူတို့သည်သူတစ်ပါးတို့အားပြက်ရယ် ပြုကာ ညစ်ညမ်းသည့်အရာများကိုပြောဆိုကြ၏။မောက်မာလျက်သူတစ်ပါးတို့အားနှိပ်စက် ညှဉ်းဆဲရန်ကြံစည်ကြ၏။
9. သူတို့သည်ကောင်းကင်ဘုံ၌ရှိတော်မူသော ဘုရား သခင်အားစော်ကားသည့်စကားကိုပြောဆိုလျက်၊ကမ္ဘာပေါ်ရှိလူတို့အားမောက်မာစွာအမိန့်ပေး ကြ၏။
10. ထိုကြောင့်ဘုရားသခင်၏လူစုတော်ပင်လျှင်သူတို့ဘက်သို့ပါလျက်သူတို့ပြောသမျှသော စကားကိုယုံကြလေသည်။
11. သူတို့က``ဘုရားသခင်သည်သိတော်မူလိမ့်မည် မဟုတ်။အမြင့်မြတ်ဆုံးအရှင်သည်တွေ့မြင်တော်မူ လိမ့်မည် မဟုတ်'' ဟုဆိုတတ်ကြ၏။
12. ဤကားသူယုတ်မာတို့ပြုကြပုံပင်ဖြစ်ပေသည်။သို့သော်သူတို့သည်ကောင်းစား၍အစဉ်ပင် စည်းစိမ်ချမ်းသာတိုးလျက်နေကြ၏။
13. သို့ဖြစ်၍ငါသည်မိမိစိတ်နှလုံးကိုဖြူစင်သန့်ရှင်းစေလျက်အပြစ်မပြုဘဲနေ သည်မှာ အချည်းနှီးပေလော။
14. အို ဘုရားသခင်၊ကိုယ်တော်သည်ကျွန်တော်မျိုးအားတစ်နေ့လုံး ဒုက္ခရောက်စေတော်မူပါပြီ။ကိုယ်တော်သည်ကျွန်တော်မျိုးအားနံနက်တိုင်း ဒဏ်ခတ်တော်မူပါပြီ။
15. ကျွန်တော်မျိုးသည်ဤနည်းအတိုင်းပြောဆို ခဲ့လျှင်ကိုယ်တော်၏လူစုတော်ကိုကိုယ်စားပြု၍ ပြောဆိုသည်မဟုတ်ပါ။
16. သို့ဖြစ်၍ကျွန်တော်မျိုးသည်ဤအခြင်းအရာကို သိရှိနားလည်ရန်ကြိုးစား၍စဉ်းစားဆင်ခြင် ပါ၏။သို့ရာတွင်ယင်းကိုနားလည်နိုင်ရန်လွန်စွာ ခက်ခဲပါ၏။
17. ကျွန်တော်မျိုးသည်ကိုယ်တော်၏ဗိမာန်တော် ထဲသို့ ရောက်ရှိသည့်အခါကျမှသာလျှင်သူယုတ်မာတို့အဘယ်သို့နိဂုံးချုပ်ရကြ မည်ကို သိရှိနားလည်လာပါ၏။
18. ကိုယ်တော်ရှင်သည်သူတို့အားခြေချော်တတ်သည့်နေရာများတွင်ခြေချော်စေတော်မူ၍ ဆုံးပါးပျက်စီးစေတော်မူပါမည်။
19. သူတို့သည်ချက်ချင်းပင်သေကြေပျက်စီး ကြပါ၏။သူတို့၏နောက်ဆုံးဖြစ်အင်သည်ကြောက်မက်ဖွယ် ကောင်းလှပါ၏။
20. အို ထာဝရဘုရား၊သူတို့သည်နံနက်ချိန်၌ပျောက်ကွယ် သွားသည့် အိပ်မက်နှင့်တူပါ၏။ကိုယ်တော်ရှင်နိုးထတော်မူသောအခါသူတို့သည် ပျောက်ကွယ်သွားကြပါ၏။
21. ကျွန်တော်မျိုးသည်ဝမ်းနည်းကြေကွဲ၍ စိတ်နာကြည်းသောအခါ
22. တိရစ္ဆာန်ကဲ့သို့မိုက်မဲသဖြင့်ကိုယ်တော်ရှင်၏ ရှေ့တော်၌အသိပညာမရှိပါ။
23. သို့သော်လည်းကျွန်တော်မျိုးသည်ကိုယ်တော် ရှင်၏ ထံတော်ပါးတွင်အစဉ်အမြဲနေပါ၏။ကိုယ်တော်ရှင်သည်လည်းကျွန်တော်မျိုး၏ လက်ကိုဆွဲကိုင်ထားတော်မူပါ၏။
24. ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားအကြံပေး၍လမ်းပြတော်မူပြီးလျှင်နောက်ဆုံး၌ကျွန်တော်မျိုးအားချီးမြှင့်ရန်လက်ခံတော်မူ လိမ့်မည်။
25. ကျွန်တော်မျိုးမှာကိုယ်တော်ရှင်မှလွဲ၍ ကောင်းကင်ဘုံတွင်အဘယ်သူရှိပါသနည်း။ကိုယ်တော်ရှင်ကျွန်တော်မျိုးနှင့်ရှိတော်မူလျှင်ကမ္ဘာမြေပေါ်၌အဘယ်အရာကိုလိုပါတော့ မည်နည်း။
26. ကျွန်တော်မျိုး၏ကိုယ်စိတ်သည်အင်အား ချိနဲ့လာပါလိမ့်မည်။သို့ရာတွင်ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ စွမ်းအားဖြစ်တော်မူပါ၏။ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်မှတစ်ပါး မည်သူ့ကိုမျှမလိုပါ။
27. ကိုယ်တော်ရှင်အားစွန့်ပစ်ကြသူတို့သည် အကယ်စင်စစ် သေကျေပျက်စီးရကြပါလိမ့်မည်။ကိုယ်တော်ရှင်အားသစ္စာဖောက်သူတို့ကိုကိုယ်တော်ရှင်သည်သုတ်သင်ဖျက်ဆီးတော်မူလိမ့်မည်။
28. သို့သော်လည်းကျွန်တော်မျိုးအဖို့မှာမူဘုရားသခင်၏ အပါးတော်တွင်နေရခြင်း၊အရှင်ဘုရား၏ထံတော်၌ခိုလှုံရခြင်းနှင့် ကိုယ်တော်ပြုတော်မူသောအမှုတော်အပေါင်းကိုထုတ်ဖော်ကြေညာရခြင်းတို့သည်လွန်စွာမြတ် နိုးဖွယ် ဖြစ်ပါသည်တကား။