8. သို့ရာတွင် အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
9. ကျွန်တော်မျိုးသည်ကိုယ်တော်၏တန်ခိုးကို ယုံကြည်ကိုးစားပါ၏။အို ဘုရားသခင်၊ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ဖြစ်တော်မူပါ၏။
10. ငါ၏ဘုရားသည်ငါ့ကိုချစ်၍ငါ့ထံသို့ ကြွလာတော်မူလိမ့်မည်။ငါ၏ရန်သူများအရေးရှုံးနိမ့်ကြသည်ကို ငါ့အား တွေ့မြင်ခွင့်ကိုပေးတော်မူလိမ့်မည်။
11. အို ဘုရားသခင်၊ သူတို့အားသတ်တော်မမူပါနှင့်။သတ်လျှင်ကျွန်တော်မျိုး၏အမျိုးသားတို့သည် သတိမရဘဲမေ့သွားပါလိမ့်မည်။ကျွန်တော်မျိုးအားကာကွယ်စောင့်ထိန်း တော်မူသောအရှင်၊ကိုယ်တော်ရှင်၏တန်ခိုးတော်အားဖြင့်ထိုသူတို့ကိုကစဥ့်ကလျားဖြစ်စေတော် မူ၍ အရေးရှုံးနိမ့်စေတော်မူပါ။
12. သူတို့၏နှုတ်၊သူတို့ပြောဆိုသမျှသောစကား အားဖြင့် အပြစ်ကူးကြပါ၏။သူတို့သည်မိမိတို့၏မာန်မာနကျော့ကွင်းတွင်ပင် မိကြပါစေသော။သူတို့သည်ကျိန်ဆဲ၍မုသားစကားကို ပြောဆိုတတ်ကြသဖြင့်
13. ကိုယ်တော်ရှင်သည်အမျက်တော်ထွက်၍ သူတို့အား သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။အကုန်အစင်သုတ်သင်ဖျက်ဆီးပစ်တော်မူပါ။ထိုအခါဘုရားသခင်သည်ဣသရေလအမျိုးသားတို့အားအုပ်စိုးလျက် နေတော်မူကြောင်းကိုလည်းကောင်း၊ကိုယ်တော်၏အာဏာစက်သည်ကမ္ဘာတစ်ပြင်လုံး ပျံ့နှံ့လျက်ရှိတော်မူကြောင်းကိုလည်းကောင်းလူအပေါင်းတို့သိကြပါလိမ့်မည်။
14. ကျွန်တော်မျိုး၏ရန်သူတို့သည်မြို့ထဲသို့ညဦးယံတွင်ပြန်လာ၍ခွေးများကဲ့သို့ မာန်ဖီကာလှည့်လည်ကြပါ၏။
15. သူတို့သည်ခွေးများကဲ့သို့လှည့်လည်၍ အစားအစာရှာဖွေကြပါ၏။အစားအစာလုံလောက်စွာမရကြပါမူ မာန်ဖီကြပါ၏။
16. ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်၏ တန်ခိုးတော် အကြောင်းသီချင်းဆိုပါမည်။ကိုယ်တော်ရှင်၏ခိုင်မြဲသောမေတ္တာတော် အကြောင်းကိုနံနက်တိုင်းရွှင်လန်းစွာသီချင်းဆိုပါမည်။ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးခိုလှုံရာ ရဲတိုက်၊ဒုက္ခရောက်ချိန်၌ကျွန်တော်မျိုးခိုကိုးရာ ဖြစ်တော်မူပါ၏။
17. ကျွန်တော်မျိုး၏ဘက်မှခုခံကာကွယ်တော် မူသော အရှင်၊ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။ကျွန်တော်မျိုးခိုလှုံရာကားကျွန်တော်မျိုးကို ချစ်တော်မူသောဘုရားသခင်ပေတည်း။